လူတွေ ... ရောင်စုံလူတွေ ...

တချို့က ရဲရဲရင့်ရင့် နီကြတယ်။

တချို့ က လှလှပပ ဝါ လို့ကောင်းနေတုန်း
တချို့ ကျ ဖျော့တော့စွာ မှိုင်းနေကြတယ် ...။

တချို့ က ကျော့ကျော့မော့မော့လေး စိမ်းနေပြန်သလောက်

တချို့ ကျ အေးမြစွာ ပြာလွင်နေကြပြန်ရော .....။

တကယ်တော့ နီနေတာလည်း လူ ဝါနေတာလည်း လူ

စိမ်းနေလဲ လူ ... ပြာလွင်နေလည်း လူ ....

အုံ့ဆိုင်း မှုန်မှိုင်းနေပေမယ့် သူလည်း လူပါပဲ ...။

ယုံကြည်မှုက တခါတလေ အချင်းများစေတယ်။ အခင်အမင်ပျက်စေတယ်။ သွေးစွန်းနေ့တွေ ပေါ်ပေါက်စေတယ်။ မိသားစုတွေ ပြိုကွဲစေတယ်။ မိဘမဲ့တွေ ဒုက္ခိတတွေ တိုးပွားလာစေတယ်...။

ဒါပေမယ့်လည်း ယုံကြည်မှုဆိုတာ လိုအပ်တယ် ... ။

ယုံကြည်ပါ .. မှန်တယ်လို့ ထင်မြင်ပိုင်ခွင့်ရှိသလို အားရပါးရ ယုံကြည်ခွင့်လည်းး ရှိပါတယ် ...။

ဒီအခွင့်အရေးက "လူ" ဆိုတဲ့ သတ္တဝါမှာပဲ ရှိတာလေ ... ။

သူငယ်ချင်းရေ .....

ယုံကြည်ရာ တခုခု မရှိခဲ့ရင် ... မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားမှာ အချိန်အပိုင်းအခြားက သိပ်ကြီးမားမယ်မထင်ဘူး ...။

ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်အတွေ့အကြုံ ကိုယ့်အတွေးအခေါ်ကြောင့် ကိုယ်ယုံကြည်ရာကို မှန်တယ် ထင်သူချည်းပါပဲ ....။

ဒါပေမယ့် သူငယ်ချင်းရေ ....

ုကိုယ်ယုံကြည်ရာက သူတပါးရဲ့ ဆန့်ကျင်ဖက် ဖြစ်နေရုံနဲ့တော့

အချင်းမများပါနဲ့။ အခင်အမင်မပျက်ပါစေနဲ့။ သွေးစွန်းနေ့တွေ မပေါ်ပေါက်ပါစေနဲ့။ မိသားစုတွေ မပြိုကွဲပါစေနဲ့။ မိဘမဲ့နဲ့ ဒုက္ခိတတွေ မတိုးပွားပါစေနဲ့လား .... ။

ငြိမ်းငြိမ်းချမ်းချမ်း ကွဲလွဲစွာ ယုံကြည်ကြရအောင်ပါ ....။



အမတ ငယ် |7:27 PM, 08/04/2012|
တင်းလွန်းတော့ ပြတ်
လျော့လွန်းပြန်တော့ ပတ် တဲ့ ...

ဘယ်လို မလျော့မတင်းအခြေနေမျိုးမှာ ကိုယ်နေရမလဲ .....။


အတင်းအလျော့လည်း မလုပ်ချင်ပါဘူးကွယ် ...
မင်းက ကိုယ့်အတွက် စွန် တခုမှ မဟုတ်ခဲ့တာ ....။


ကိုယ့်မှာ ရစ်ဘီးလည်း မရှိခဲ့ဘူး ... မရှိချင်ခဲ့ဘူး ချစ်သူ .... ။


ဆွဲခေါ်မှ ပြန်လာချင်သူကို ကိုယ် မလိုချင်ခဲ့ဘူး ..... ကိုယ် မလိုချင်ဘူး ... ။


ပေးလိုက်တည်းက တစုံတရာကို မျှော်လင့်ခဲ့တာမှ မဟုတ်တာ ... ။


ကိုယ်ဟာ သစ်ပင်တပင်ပါ ....


ပျံသန်းပါ ချစ်သူ ...
မောပန်းရင် နားခိုပါ ...
ကိုယ့်သစ်ပင်ရဲ့ သစ်ရွက်လေးတွေက မင်းအတွက် တေးသံလေးတွေ ခြွေပေးပါလိမ့်မယ် ... ။
ကိုယ့်သစ်ပင်ရဲ့ အရိပ်က မင်းရင်ကို ချွေးတိတ်အေးမြစေပါလိမ့်မယ် ....။
ကိုယ့်သစ်ပင်ရဲ့ ပန်းပွင့်လေးတွေက မွှေးရနံ့လေးတွေနဲ့ မင်း စိတ်ကို လန်းဆန်းအားပြည့်စေပါလိမ့်မယ် .... ။

တခုပါပဲ ...

ကိုယ်က ရာသီတိုင်း စိမ်းမြနေမယ့် အမြဲစိမ်းသစ်ပင်တော့ ဟုတ်လိမ့်မယ် မဟုတ်ဘူး ....။


ဒါပေမယ့် ...


မင်းရဲ့ တောင်ပံခတ်သံသဲ့သဲ့လေး ကြားလိုက်ရုံနဲ့
ရုတ်ချည်း စိမ်းစိုလန်းဆန်းနိုင်တဲ့ .. သီးသန့်သစ်ပင် ပါ ....။



အမတ ငယ်
2.4.2012 10:35 PM
နှစ်ချို့နေတဲ့ အိပ်မက်တချို့လည်း မိုးသောက်ယံဆီ မရောက်နိုင်သေးဘူး ....

ရင့်မှည့်နေသယောင် အတွေးအခေါ်တချို့လည်း မရင့်ကျက်ချင်ကြသေးဘူးလေ ...။



တကယ်တမ်း ဘာမှလက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ တိမ်တိုက်တွေကတော့ ခပ်ဝေးဝေးကကြည့်လေ လှလေပါပဲ ...။

၂၇နှစ်အရွယ် မိန်းမပျိုတစ်ယောက်ရဲ့ ရင်ထဲမှာ ကလေးလေးတယောက် ခုထိ မရင့်မကျက်ရှိနေသေးတယ်ဆိုတာ .... နားလည်နိုင်သူ တော်တော်နည်းပါတယ် ...။



သစ်ရွက်တွေတဖြုတ်ဖြုတ်ကြွေကြတယ် ....။ လေကြောင့်လည်းမဟုတ် မိုးကြောင့်လည်းမဟုတ် နှင်းကြောင့်လည်းမဟုတ်သလို ... သစ်ပင်အိုက မလိုချင်တော့တာလည်း မဟုတ်ခဲ့ပါဘူး ...။

သဘာဝ တရား (ဝါ) သစ္စာတရား ကြောင့် သစ်ရွက်တွေလည်း သစ်ပင်ကို စွန့်ခွာရသလို ... ကိုယ်လည်း နေ့ရက်အိုတွေတော်တော်များများကို မသိကျိုးကျွံ စွန့်ခွာခဲ့ပြီးပြီ ....။



၂၇နှစ်ဆိုတာ ကောင်မလေးမဟုတ်တော့ဘူး မိန်းမပျိုရေ ...



မင်းရင်ထဲက ကလေးလေးရဲ့ ဖြုစင်ရိုးသားမှု နဲ့ အချစ်တွေကို သိမ်းဆည်းရင်း မရင့်ကျက်ခြင်းနည်းနည်းပါးပါးပဲ သူ့နားမှာ ချန်ထားပေးလိုက်ပါ .....။

မလိုအပ်တဲ့ မရင့်ကျက်ခြင်းတွေကို (မင်းခင်တွယ်နေမှန်း ကိုယ်သိပေမယ့်) စွန့်လွှတ်လိုက်ပါတော့ မိန်းမပျိုလေးရေ ...

မင်းက ကောင်မလေးမှမဟုတ်တော့ပဲလေ ... လိမ္မာတယ်နော် ....။



မင်းရဲ့ နှစ်ချို့ အိပ်မက်တွေကို မိုးသောက်ယံနဲ့ ထိတွေ့ပေးနိုင်ခွင့်ရအောင် ကြိုးစားပါ ...။

မင်းရဲ့ မရင့်မကျက်အတွေးအခေါ်တွေကို စွန့်လွှတ်လိုက်ဖို့ကြိုးစားပါ ...။

လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ တိမ်တိုက်တွေကို ငေးမောရင်းကုန်သွားမယ့်အချိန်တွေကို နှမြောပါ ....။



သစ်ရွက်တွေကလည်း ကြွေမြဲကြွေနေမှာပဲ ... နေ့ရက်တွေကလည်း အိုမြဲအိုကုန်မှာပဲ ...



မိန်းမပျိုလေးရေ .... မင်း ရင့်ကျက်ဖို့ အချိန်တန်ပြီ..... ။






~ ၂၇ နှစ်မြောက်မွေးနေ့ အမှတ်တရ ~

အမတ ငယ် (၀၉.၀၃.၂၀၁၂ - မနက် ၀း ၄၀ နာရီ)
ဘယ်လိုလုပ်မလဲ ....


အသက်တချက်ရှုတိုင်း ...

ဖြစ်ပျက် တောင် မမှတ်နိုင်ပဲ .. နင့်ကိုပဲ လွမ်းနေတာ....။


ဘယ်လိုလုပ်မလဲ ...


အပြုံးတချက်တိုင်းမှာ ...

ဟန်တောင် မဆောင်နိုင်ပဲ ငါ့အချစ်တွေ နမော်နမဲ့ လဲလဲကျနေတာ ....

fall in love ဆိုတာ ဒါကိုခေါ်တာလား ......။


ဘယ်လိုလုပ်မလဲ ...


ငါ စိတ်ဆိုးနေရင် .. နင့်မျက်နှာကို ငါ မကြည့်ချင်ဘူး သိလား ....

နင့်ကို မြင်လိုက်ရတဲ့ခနတင် .. ငါ နင့်ကိုစိတ်ဆိုးနေကြောင်း ကိုယ့်ဘာသာ မေ့သွားတယ် ...။


ဘယ်လိုလုပ်မလဲ ...


ခုလည်း ငါ နင့်ကို သေလောက်အောင် လွမ်းနေပြန်ပြီ ....။


အမတ ငယ် 18 Feb 2012, 10:44 AM
ဘယ်လိုလုပ်ရမလဲဟင် ....

ဘယ်လိုလုပ်သင့်တယ်ဆိုတာ ကိုယ်သိပြီးသားပဲ ... ဒါပေမယ့်လေ ... ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မချရဲဘူး .... ။ ကိုယ် လက်မခံချင်ဘူး ....။

ကိုယ် အတားအဆီိး ခလုတ်ကန်သင်း နောက်ဆံတင်းစေမယ့် အရာ တခု မဖြစ်ချင်ခဲ့ပါဘူး ... ။ ဒါပေမယ့်လေ ... ကိုယ် လက်မလွှတ်လိုက်ရဲဘူး ... ။ ကိုယ် ကြောက်နေတယ် ... ။ အဲ့တာအဓိပ္ပါယ် မရှိဘူးဆိုတာလည်း ကိုယ်သိပါတယ် ... ။ ဘယ်လိုလုပ်ရမလဲကွယ် .... ။

တွေးလိုက်မိရုံ ခနလေးတောင် ကိုယ့်အတွက် ဆောက်တည်ရာမရ ဖြစ်နေခဲ့တာ ... ဒါပေမယ့် .... ဖြစ်ချင်တာထက် ဖြစ်သင့်တာက ပို ဦးစားပေးသင့်တယ်ဆိုတာ ... ကိုယ် နားလည်ပါတယ် ... ဒါပေမယ့်လဲ ကွာ ............

ကိုယ်သိပ်ကြောက်နေတယ် ... မယုံကြည်လို့လည်း မဟုတ်ရပါဘူး .... ဒါပေမယ့် ...ကိုယ် ကြောက် တယ် .....။

ဒီလောက် ဝေး နေရတာတောင် ထပ်ဝေးရဦးမလားကွယ် ... ကိုယ်သိပ် လောဘ ကြီးနေလား .. ကိုယ်သိပ် အတ္တကြီးနေလား .. ကိုယ်သိပ်ကို တကိုယ်ကောင်း ဆန်နေသလား .... ?????

ဒါဆို .. ကိုယ် သဘောထားကြီးပေးရမှာလား ... လောဘနည်းသင့်တယ်လား ... အတ္တမကြီးသင့်ဘူးပေါ့လေ .. ဟုတ်လားဟင် ... ။

ဒါ ... ကြိုးလေးတစ်ချောင်း ဆွေးမြေ့ပျက်ဆီးခြင်းရဲ့ အကြောင်းတရားတစ်ခု အစပျိုးတော့မှာဆိုရင်ရော ....

မသိတော့ဘူးကွယ် ... တကယ်ကို ကိုယ့်ဦးနှောက်က အလုပ်မလုပ်တော့ဘူး ...


ဦးနှောက်ကိုသိပ်သုံးလွန်းခဲ့လို့လားမသိပါဘူး .. ဒီတကြိမ်တော့ ကိုယ့်ဦးနှောက်က အလုပ်မလုပ်တော့ဘူးကွယ် ........... ။


အမတ ငယ် ၁၉.၀၂.၂၀၁၂ 1:44 PM

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner